Mar 5, 2010

news from irrawaddy

နိုင်ငံရေး အကျဉ်းသူများ ထောင်ပြောင်း

Friday, 05 March 2010 17:24 ရန်ပိုင်အဖွဲ့ချုပ်ရုံးရှေ့တွင် ဆွမ်းလောင်းနေသော နော်အုံးလှ

ကမ္မ၀ါစာ လက်ဝယ် တွေ့ရှိမှုဖြင့် ဖမ်းဆီးထောင်ချ ခံရသည့် နိုင်ငံရေး လှုပ်ရှားတက်ကြွသူ ဒေါ်နော်အုန်းလှ အပါအ၀င် နိုင်ငံရေး အကျဉ်းသူ ၃ ဦးကို ပြီးခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်မှ နယ်ဝေး ထောင်များသို့ ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါထောင်ပြောင်းရွှေ့မှုတွင် ထောင်အာဏာပိုင်များ အနေဖြင့် မိသားစုများကို မည်သည့်အကြောင်းကြားမှုမှ မပြုလုပ်ခဲ့ကြောင်း၊ မိသားစုအနေဖြင့် ထောင်ဝင်စာသွားတွေ့မှသာ သိရှိရကြောင်း အင်းစိန်ထောင်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ပြော သည်။

“မိသားစုကိုတော့ ဘာမှကြိုမပြောဘူး၊ မနေ့ကထောင်ဝင်စာလာတွေ့မှသိရတယ်”ဟု ၎င်းကဆိုသည်။

ဒေါ်နော်အုန်းလှကို တောင်ငူထောင်၊ မချိုချိုအေးကို ရမည်းသင်းထောင်၊ မစန်းစန်းမြင့်ကိုမူ မည်သည့်ထောင်သို့ ပြောင်းရွှေ့သည် ကို မသိရကြောင်း အဆိုပါ အင်းစိန်ထောင်အသိုင်းအ၀န်းနှင့် နီးစပ်သူကပြောသည်။

ဒေါ်နော်အုန်းလှအပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ဦးကို ပြီးခဲ့သည်လ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သော့မတ်စ် အိုဟေး ကင်တာနာ မြန်မာပြည်လာရောက်စဉ်အတွင်းက ထောင်ဒဏ်၂ နှစ်စီ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က တောင်ဒဂုန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ဆွမ်းကပ်ပြီး ပြန်လာရာ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး၌ ကမ္မ၀ါစာလက်ဝယ် တွေ့ရှိမှု ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်နော်အုန်းလှသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်း နေသူဖြစ်သည်။

ပြီးခဲ့သည်နှစ် အောက်တိုဘာလက နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲဖမ်းဆီးထား သည့် ကိုညီညီထွန်းနှင့် ကိုစိုးမိုးထွန်းတို့ကိုလည်း ယမန်နေ့က ပထမအကြိမ်စတင် ရုံးထုတ်ခဲ့သည်ဟု ၎င်းအမှုကို လိုက်ပါဆောင် ရွက်နေသူ ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ကိုညီညီထွန်းကို မတရားအသင်းပုဒ်မ ၁၇ /၁၊ နယ်စပ်တရားမ၀င်ဖြတ်ကျော်ဝင်ရောက်သည့် ပုဒ်မ ၁၃/၁၊ ကြိုးမဲ့ကြေးနန်းအက်ဥပ ဒေပုဒ်မ ၆/၁ ဖြင့် စွဲဆိုထားကြောင်း၊ ကိုစိုးမိုးထွန်းကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/ ၁ဖြင့် တရားရုံးတင်စစ်ဆေးခဲ့ ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးကို နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသား တပ်မတော်(ABSDF) ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၊ အမေရိကန်နိုင်ငံသား ကိုညီညီ အောင်ခေါ် ကိုကျော်ဇောလွင် တို့ဖြင့် ဆက်သွယ်ခဲ့သည်ဟု စွပ်စွဲထားကြောင်း သိရသည်။

လယ်မြေ အဓမ္မ အသိမ်းခံရ၍ ILO သို့ တိုင်ကြားသည့် မကွေးတိုင်း နတ်မောက်မြို့နှင့် အောင်လံမြို့မှ လယ်သမားများအမှုကို လိုက်ပါဆောင်ရွက်ပေးသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံရသော ရှေ့နေ ကိုဖိုးဖြူ ကို မကြာသေးခင်ရက်ပိုင်းက သရက်ထောင်မှ ပြန်လည် လွှတ်လိုက်ကြောင်း ရှေ့နေများ အသိုင်းအ၀န်းက ပြောသည်။

ယင်း ကိုဖိုးဖြူကို တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပြီး ၃ နှစ် လျှော့ချလိုက်သောကြောင့် ထောင်ကျ ရက်တနှစ် နှင့် ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရှေ့နေ ကိုဖိုးဖြူအား မကွေးမြို့တွင် အာဏာပိုင်များက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လအတွင်းက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ကိုဖိုးဖြူသည် မကွေးတိုင်း နတ်မောက်မြို့နယ် ရွာမွန်ရွာ ကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများ၏ လယ်မြေကို တပ်မြေအဖြစ် သိမ်းပြီး ကြက်ဆူပင် စိုက်ပျိုးခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO)ရုံးသို့ စာရေးတိုင် သောကြောင့် တရားစွဲခံရသော နတ်မောက်မြို့ မှ လယ်သမား ဦးလှစိုးနှင့် အောင်လံမြို့မှ ကိုဇော်ဌေး တို့အမှုကို လိုက်ပါ အကျိုးဆောင်ရင်း ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။

Read More...